>သာကေတရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းရမည်

>

သာကေတရှိ ဘုန်းကြီးကျောင်းများ ရွှေ့ပြောင်းရမည်
ရန်ကုန်တိုင်း သာကေတ မြို့နယ် ရှုခင်းသာ ပန်းခြံအနီးရှိ ဘုန်းကြီးကျောင်းများကို စစ်အစိုးရက ရွှေ့ပြောင်းရန် စီစဉ်နေသည်ဟု အဆိုပါ ကျောင်းများတွင် သီတင်းသုံး နေထိုင်သည့် သံဃာတော်များက မိန့်ကြားသည်။
ရှုခင်းသာလမ်းမကြီးပေါ် ပဲခူးမြစ်ကမ်းဘေးတွင် တည်ရှိသည့် အောင်သီတာ၊ ဇေတ၀န်၊ မြို့ဦးကင်း၊ မင်္ဂလာရာမ စသည့် စာသင် တိုက်ကြီးများ၊ အခမဲ့ကုသိုလ်ဖြစ် ဆေးခန်းဖွင့်လှစ် ထားသော မိုးကုတ် အောင်ငြိမ်းချမ်းကျောင်းတိုက်၊ ကျောင်းသားကျောင်းသူများကို အင်္ဂလိပ်စာ အခမဲ့သင်ကြားပေးနေသော ကံဇေယျုံ ကျောင်းတိုက်၊ သဲအင်းဂူ ဓမ္မရိပ်သာ ကဲ့သို့ ၀ိပဿနာကျောင်းတိုက်များ အပါအ၀င် ဘုန်းတော်ကြီးကျောင်း ၆၀ ကျော်ကို ရွှေပြည်သာမြို့နယ် ၀ါးတရာသို့ ရွှေ့ပြောင်းရန် အကြောင်းကြား သည်ဟု ရွှေ့ပြောင်းရမည့် စာရင်းတွင် ပါဝင်သည့် စာသင်တိုက် တတိုက်မှ သံဃာတော် တပါးဖြစ်သည့် ဦးအဂ္ဂက မိန့်ကြားသည်။
“ဖယ်ပေးရမယ့် ကျောင်းတွေထဲမှာ စာသင်တိုက် ၁၀ တိုက်လောက်နဲ့ တခြားဘုန်းကြီးကျောင်း ၆၀ လောက် ရှိတယ်။ ဒီမှာသီတင်း သုံးနေတဲ့ သံဃာဆိုရင် အပါး ထောင့်ငါးရာလောက် ရှိမယ်”ဟု ဦးအဂ္ဂက မိန့်သည်။
၎င်းက ဆက်လက်၍“ဘုန်းကြီးကျောင်းတွေ ဖယ်ပေးရမယ်ဆိုတာကတော့ လွန်ခဲ့တဲ့ တနှစ်လောက်က တည်းက သတင်းတွေထွက် နေတယ်။ ဒါပေမယ့် ဒီဇင်ဘာလ ၂၇ ရက်နေ့ကတော့ စည်ပင်သာယာက ၀န်ထမ်းတွေရယ်၊ စစ်တပ်က အာဏာပိုင်တွေရယ်၊ ထူး ကုမ္ပဏီက ၀န်ထမ်းတွေရယ် လာပြီးတော့ ဓာတ်ပုံရိုက်တာ၊ မြေတိုင်းတာ တွေလာလုပ်သွားတယ်”ဟုလည်း မိန့်ဆိုသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ် ယုဇန ဦးဌေးမြင့်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန် နီးစပ်သူဟု လူသိများသော ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇတို့၏ ဆိပ်ကမ်းစီမံကိန်းနှင့်လမ်းတိုးချဲ့မှု စီမံကိန်း တို့ဖြင့် မလွတ်သောကြောင့် ဘုန်းကြီးကျောင်းများ ကို ရွှေ့ပြောင်းရန် စီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
“ရွှေ့ရမယ်ဆို ရေတပ်စခန်းလည်း မလွတ်ဘူး။ ရှုခင်းသာပန်းခြံနဲ့ ဟိုတယ်လည်း မလွတ်ဘူး။ ဒါပေမယ့် ဒါတွေရွှေ့ရမယ်လို့အသံ မကြားသေးဘူး။ ဘုန်းကြီးကျောင်းတွေ အရင်လာဖယ်ခိုင်းနေတယ်”ဟု ဇေတ၀န် ကျောင်းတိုက်မှ စာချ သံဃာတပါးက မိန့်သည်။
ပြောင်းရွှေ့ရမည့် ဘုန်းကြီးကျောင်းများဖြစ်သည့် အောင်သီတာ၊ ဇေတ၀န်ကဲ့သို့ စာသင်တိုက်များတွင် စာသင်သား သံဃာ အပါး ၂၀၀ ကျော်ရှိသဖြင့် ၀ါးတရာသို့ပြောင်းရွှေ့လိုက်ပါက သာကေတမြို့ခံလူထုကို ဆွမ်းကွမ်း ဝေယျာဝစ္စ မှီခိုနေရသော အဆိုပါ စာသင်တိုက်များ အခက်အခဲကြုံတွေ့မည်ကို စိုးရိမ်နေ ကြသည်ဟု အောင်သီတာ ကျောင်းတိုက်မှ စာသင်သား သံဃာ တပါးက မိန့်ဆိုသည်။
“ဒီမှာရှိတဲ့ ကျောင်းတွေအားလုံးက ဆွမ်းကွမ်းအတွက် ပတ်ဝန်းကျင်ရပ်ကွက်တွေက လှူဒါန်းတာကို အားကိုး နေရတာ။ အခုပေးမယ့် နေရာက တကယ့်ကို ကွင်းပြင်ထဲပို့လိုက်တာ။ ဆွမ်းကွမ်းအတွက်လည်း အခက် အခဲရှိတယ်”ဟုလည်း ၎င်းက မိန့်သည်။
ပြောင်းရွှေ့ရမည့်ရက်ကို အတိအကျမသိရသေးသော်လည်း ပြောင်းရွှေ့ရမည့်နေရာတွင် အဆင်မပြေမှု များစွာရှိနေသည်ကို သိသဖြင့် လက်ရှိ သာသနာ့နယ်မြေအတွက် ခုံခံကာကွယ် သွားမည် ဖြစ်ကြောင်း ဒေသခံ ကျောင်းထိုင်ဆရာတော်တပါးက မိန့်ကြားသည်။
“သူတို့ မြေလာတိုင်းပေမယ့် သံဃနာယက အဖွဲ့ကတော့ တရားဝင် အစည်းအဝေး မခေါ်သေးဘူး။ တကယ်သေချာတယ် ဆိုရင် တော့ သာသနာ့မြေကို အထိမခံနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
ဝါးတရာရှိ မြေကွက်များပေါ်တွင် စာသင်တိုက်တတိုက်လျှင် ပေ ၂၀၀ ပတ်လည်နှုန်းနှင့် ကျောင်းတကျောင်း လျှင် ပေ ၉၀ နှုန်းပြန် လည်နေရာချထားပေးမည်ဟု အကြောင်းကြားသော်လည်း ယခုဆောက်လုပ် ထားသော နှစ်ထပ်၊ သုံးထပ် ကျောင်းဆောင်များကိုမူ ပြန်လည်ဆောက်လုပ်ရန် မတတ်နိုင်တော့ကြောင်း သိရသည်။
ရှုခင်းသာ ဘုန်းကြီးကျောင်းများသည် ၂၀၀၇ စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးတွင် တတ်ကြွစွာ ပါဝင်ခဲ့သည့် ဘုန်းကြီးကျောင်း များဖြစ်သဖြင့် စစ်အစိုးရက အငြိုးထားရွှေ့ပြောင်းခိုင်းခြင်း လည်း ဖြစ်နိုင်သည်ဟု သာကေတမြို့ခံများက ပြောသည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတွင် ရှုခင်းသာဘုန်းတော်ကြီးကျောင်းများကို လာရောက် စီးနင်းသည့် စစ်တပ်နှင့် သာကေတမြို့ခံလူထုတို့ ပဋိပက္ခဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ပစ်ခတ်ခဲ့သော ကျည်ဆန် ကြောင့် သာကေတ ၄ ရပ်ကွက်တောင်ပိုင်းနေသူ တဦးသေဆုံးခဲ့ကြောင်း၊ စစ်ကားများဖြင့် ၀င်ရောက် မဖမ်းဆီးနိုင်သဖြင့် ပဲခူးမြစ်အတွင်းမှ ရေတပ်သင်္ဘောများဖြင့် ၀င်ရောက်ကာ သံဃာတော်များကို ၀င်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
သာကေတမြို့နယ် ၁၀ ရပ်ကွက်နှင့် ရှုခင်းသာရပ်ကွက်တို့တွင် ဘုန်းကြီးကျောင်းများ တစုတဝေးတည်းရှိပြီး ၁၀ ရပ်ကွက်မှ ကျောင်းများကို ၁၉၉၀ ပြည့်လွန် နှစ်များက ဒဂုံမြို့သစ် တောင်ပိုင်းသို့ ရွှေ့ပြောင်းခဲ့ဖူးသည်။
(ဧရာဝတီ သတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s